သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို)သို့ ထောက်ပံ့ငွေပေးအပ်ခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)သို့ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ၄.၄.၂၀၂၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင်  ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်း အရုံး(ဗဟို)မှ ယာယီ ဥက္ကဋ္ဌ ဦးမိုးကျော်သန့်၊ ဦးတင်ဝင်းနှင့် ဦးလှစိုးတို့ တက်ရောက်ခဲ့ပါသည်။

                  ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ရာမှာ အနုပညာစွမ်းအားဖြင့် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့သည့် ပန်းချီပန်းပုပညာရှင်များနှင့် လက်တွဲ၍ ပညာရှင်များ၏ ဘဝမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ မြန်မာ့ရိုးရာပန်းဆယ်မျိုးပညာရပ်များခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတကာနယ်ပယ်တွင် ထင်ရှားပေါ်လွင်မှုရှိလာစေရန်၊ တိုင်းပြည်အကျိုးပြု လက်ရာမွန်များကို ထုတ်ဖော်ထိန်းသိမ်းရန်နှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပန်းဆယ်မျိုးပညာရပ် များအား မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရန်ဆိုသည့်  ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း၊

       ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားဆိုင်ရာ အခက်အခဲများကိုအတိုင်းအတာ တစ်ခုထိ ပြေလည်မှုရရှိစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ထည့်သွင်းချမှတ်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေး လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိပန်းချီပန်းပုပညာရှင်များအနေဖြင့် ပြပွဲများခင်းကျင်းပြသနိုင်မှု မရှိသည့်အတွက် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးဝင်ပညာရှင်များ ကိုဗစ်ကာလအတွင်း နေထိုင် စားသောက်မှု အခက်အခဲများမှ အတိုင်းအတာတစ်ခုအထိ ပြေလျော့စေနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊

                  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို)ကို  ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းနိုင်ခဲ့ခြင်းအတွက် ကြည်နူးဝမ်းမြောက်ခြင်းနဲ့အတူ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးဝင်များ အတိုင်းအတာတစ်ခု အထိ အဆင်ပြေချောမွေ့စွာ ရပ်တည်နေထိုင်နိုင်ပြီး မိမိတို့မြတ်နိုးသည့် ပန်းချီပန်းပုအနုပညာ ရပ်များဖြင့် နိုင်ငံအကျိုး၊ လူမျိုးအကျိုး၊ ပန်းချီပန်းပုပညာရပ်များ၏အကျိုးကို ဆထက်တိုး၍ ထမ်းဆောင်နိုင်ကြစေရန် ဆုတောင်းမေတ္တာပို့သပါကြောင်း၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)အနေနဲ့ ပြည်ထောင်စုနေ့အခါသမယတွင် နိုင်ငံတော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပရန် ဖိတ်ခေါ်ခြင်းကို ထောက်ခံခဲ့ခြင်း၊ မကြာသေးမီက ပြင်ဦးလွင်ဘက်တွင် အနုပညာရှင်များပါဝင် လာသည့် ရထားတွဲကို မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ခြင်းတို့ကြောင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အထူးကျေးဇူး တင်ပါကြောင်း၊ ပန်းချီပန်းပုအစည်းအရုံးကြီး တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သောအကူအညီ များကို ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)သို့ ထောက်ပံ့လှူဒါန်းငွေ သိန်း ၃၀၀ (ကျပ် သိန်းသုံးရာ တိတိ) အား ပေးအပ်ရာ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)မှ အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပါ သည်။ ထို့နောက် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)မှ ယာယီဥက္ကဋ္ဌ ဦးမိုးကျော်သန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

https://drive.google.com/file/d/11ob0-Rr2cCQi9-4wramYuYGNnog-7i1q/view?usp=sharing