မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် ပြည်သူလူထုနှင့် ကြိုတင်ဆောင်ရွက်ရန် လှုပ်ရှားမှုကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးရုံးတွင် နံနက်(၁၀)နာရီမှ (၁၂)နာရီအထိ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက် နိုင်ရေးအတွက် ပြည်သူလူထုနှင့် ကြိုတင်ဆောင်ရွက်ရန် လှုပ်ရှားမှုကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဦးခင်မောင်စိုးနှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအပါအဝင် စုစုပေါင်း (၄၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ရာ မြောက်ဦးမြို့သည် ချောင်း၊ မြောင်းများဖြင့် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ ထက်ပို၍ လှပကြောင်းနှင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရုံသာမက စည်ပင်သာယာ ကောင်းမွန်ပြီး ခေတ်မီသော ရှေးဟောင်းမြို့တော်ဖြစ်လာစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန်ရေးအတွက်  ကမ္ဘာ့ရတနာဘဏ်ရှေ့နှင့် ရုံးကြီးလမ်းဆုံတို့တွင် မကြာမီ မီးပွိုင့်တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ထို့နောက်လာမည့်အပတ်စဉ်များတွင်လည်း ဌာနပေါင်းစုံ စုပေါင်း အမှိုက်ကောက်ပွဲလုပ်ပြီး ပြည်သူများပါဝင်လာအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အဖွင့် အမှာ စကားပြောကြား ခဲ့ပါသည်။

ဆက်လက်၍ မြောက်ဦး Heritage Trust  ဥက္ကဌ၊ ဒေါ်ခင်သန်းမှ ပျူနှင့် ပုဂံဒေသများကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ဆောင်ရွက်နိုင်ခဲ့ပြီး မြောက်ဦးဒေသကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ် အဓိပ္ပာယ် ရှင်းလင်းချက်၊ Outstanding Universal Value (OUV) ၏ တန်ဖိုးများ၊ မြောက်ဦးသည် စံနှုန်းသတ်မှတ် ချက် (၃)/(၄)နှင့် ကိုက်ညီမှုရှိပါကြောင်းတို့ကို အသေးစိတ်ဆွေးနွေးခဲ့ပြီး အမွေအနှစ်များ မပျက်စီး အောင်ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းမှ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန်အတွက် ပြင်ဆင်ဆောင်ရွက်မှုများ၊ အမွေအနှစ်ကို ခြိမ်းခြောက်နေသည့် အန္တရာယ် များနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာပြီးနောက် ရရှိလာမည့် အကျိုးကျေးဇူး များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေး အတွက် လိုအပ်ချက်များကို ထောက်ပြပြီး အောင်မြင်မှုရရှိစေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး ဦးခင်မောင်စိုးမှ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် နိဂုံးချုပ်စကားပြော ကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။