သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန နောက်ခံသမိုင်း
သမိုင်းသုတေသနဦးစီးဌာနသည် မြန်မာသမိုင်းသုတေသနလုပ်ငန်းများအတွက် အမျိုးသားဗဟိုဌာန ဖြစ်သည်။ မြန်မာသမိုင်းကော်မရှင်အဖွဲ့နှင့် နီးကပ်စွာ အလုပ်လုပ်ကိုင် လျက်ရှိပြီး၊ အဓိက လုပ်ငန်းများမှာ- သမိုင်းဆိုင်ရာ အထောက်အထားများကို စုဆောင်းခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ သမိုင်းများကို သုတေသနပြုခြင်းနှင့် သမိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ထုတ်လုပ်ဖြန့်ဝေခြင်းတို့ဖြစ်သည်။ ထို့ပြင် အထူးပြုသုတေသန လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ရသည်။
ဇန်နဝါရီ ၁၉၅၅ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်ကို တည်ထောင်ခဲ့ပြီး ဝန်ကြီးချုပ်ရုံး၏ လက်အောက်တွင် ထားရှိခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ်တွင် သမိုင်းကော်မရှင်သည် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်သို့ ပြောင်းသွားခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်အား နိုင်ငံသမိုင်းသုတေသန ဦးစီးဌာနအဖြစ် ပြောင်းလဲခေါ်ခဲ့သည်။ ထို့နောက် ၁၉၈၄ ခုနှစ်တွင် နိုင်ငံသမိုင်းသုတသနဦးစီးဌာနအား ပညာရေးဝန်ကြီးဌာန လက်အောက်သို့လွှဲပြောင်းပေးခဲ့သည်။ ပညာရေးဝန်ကြီးဌာန လက်အောက်၌ ရှိစဉ်အတွင်း ၁၉၇၂ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် သုတေသနဌာနခွဲ တစ်ခုအဖြစ် တည်ရှိခဲ့သည်။ မတ် ၁၉၈၆ ခုနှစ်အထိ သမိုင်းဌာနအောက်တွင် မြန်မာသမိုင်း သုတေသနဌာနနှင့် သုတေသနဌာနခွဲတို့ ပေါင်းစပ်လျက်ရှိပြီး ၁၉၉၁ ခုနှစ်တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဌာနဖြစ်လာခဲ့သည်။ ၂ ဖေဖော်ဝါရီ ၂၀၀၇ တွင် တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာနအား ယဉ်ကျေးမှုဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး သမိုင်းသုတေသနဦးစီးဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သမိုင်းသုတေသနဦးစီးဌာနကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် သမိုင်းပညာရှင်များကို ခိုင်မာစွာမြှင့်တင်ပေးသော ဌာနဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်များ၌ သမိုင်းနှင့် ဆက်စပ်နေသော ဘာသာရပ်များကို သင်ကြားရာ၌ အထောက်အပံ့ပေးနေသော ဌာနကြီးတစ်ခုလည်းဖြစ်သည်။ ဤဌာနမှ သမိုင်းသုတေသန ပညာရှင်များအား မွေးထုတ်ပေးရန်အတွက် ပြည်ပနိုင်ငံများသို့ ပညာသင်များ၊ ထောက်ပံ့စေလွှတ်ပေးခဲ့ခြင်း သာမက သမိုင်းနှင့် ဆက်စပ်နေသော ဘာသာရပ်များကိုလည်း လေ့လာသင်ကြားစေခဲ့သည်။ သမိုင်းသုတေသနလုပ်ငန်းသည် အဓိကဖြစ်သော်လည်း အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် အာဆီယံအဖွဲ့အစည်းကြီး၏ အကြောင်းကို သုတသနပြု လေ့လာခြင်းများကို လည်း ဆောင်ရွက်လျက်ရှိသည်။
ကျွန်ုပ်တို့အနေနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မှုနှင့်အတူ နိုင်ငံတကာ မျက်နှာစာတွင် ဝင်ဆန့်နိုင်ရေးအတွက်လည်း ဆောင်ရွက် ရပေမည်။ ဤသို့ ဆောင်ရွက်ကြရာတွင်လည်း ကျွန်ုပ်တို့၏ ဂုဏ်ယူဖွယ်ရာ ကြွယ်ဝလှသော ယဉ်ကျေးမှုများကို အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့် ထိန်းသိမ်း စောင့်ရှောက် ကြရမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးသည် လူမှုရေး ဦးတည်ချက် တစ်ရပ်အဖြစ် ပါဝင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကြွယ်ဝလှသော ယဉ်ကျေးမှုများ၊ ရှည်လျားလှသော သမိုင်းကြောင်းများနှင့်အတူ သက္ကရာဇ်နှစ် ထောင်ဆီသို့ အရောက်လှမ်းနေပြီဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် အမျိုးသား ယဉ်ကျေးမှုများကို ထိန်းသိမ်းရာတွင် မိမိတို့ ဘိုးဘွားဘီဘင်များ ထိန်းသိမ်းခဲ့ပုံများထက် ပိုမိုသာလွန် ကောင်းမွန်သော နည်းလမ်း များကို တီထွင်ကြံဆရမည် ဖြစ်ပေသည်။ မိမိတို့၏ ယဉ်ကျေးမှုများ ထိန်းသိမ်းခြင်းဆိုင်ရာ သမိုင်းကြောင်း အလေးအနက်ထား၍ ကြိုးပမ်းအား ထုတ်ကြရမည် ဖြစ်သည်။
အတိတ်သမိုင်းကြောင်းကို နားလည်ရုံသာမက ရိုးရာဓလေ့ထုံးစံများ၊ နေထိုင်စားသောက်ပုံများနှင့် ဆက်နွယ်မှု များကိုပါ နားလည်သိရှိရမည် ဖြစ်ပေသည်။ ထိုကဲ့သို့ ကြီးမားသည့် တာဝန်များကို လှပသော ပုံရိပ်များ အဖြစ် အနာဂတ်ဆီသို့ ယူဆောင်လာနိုင်ရန် ဆောင်ရွက် ကြရမည်ဖြစ်သည်။
ထိုအသိစိတ်ဓာတ်များသည် ပညာသင်ဆုရယူ ခံစားရသည် ထက်ပင် သာလွန်မြင့်မားသော စိတ်ဓာတ်များ ဖြစ်ပေသည်။ မိမိတို့၏ အတိတ်သမိုင်းကြောင်း ဆိုင်ရာ ရိုးရာဓလေ့များအား အသိတရားမြင့်မားစွာဖြင့် ဆောင်ရွက်မှုများ၊ စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်ခဲ့ခြင်း များသည် မိမိတို့၏ လူမှုဘဝများနှင့် နီးစပ်မှု ရှိစေရန် ပြည်သူ့နီတိသဖွယ် စီမံထားသကဲ့သို့ ဖြစ်ပေသည်။ ထိုအကြောင်း တရားများသည် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှု စွမ်းရည်များကို တိုးတက်စေရုံ သာမက စဉ်းစား တုန့်ပြန်နိုင်သည့် စွမ်းအားများကိုပါ ဖြစ်ပေါ်စေ သည်။ မိမိတို့၏ ရှည်လျားလှသော သမိုင်းကြောင်းများကို ဖော်ထုတ်ရန် ကြိုးစားခြင်းများနှင့်အတူ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို စိတ်ဝင်စားသူ ပညာရှင်များကိုလည်း ကြိုဆိုဖိတ်ခေါ်ပါသည်။